Posts filed under ‘Poem’
ဘယ်သူကဘာပြောလို့လဲ
ဘယ်သူကဘာပြောလို့လဲ
တကယ်တော့ ဒီနေ့ဟာလပြည့်နေ့
ကျွန်တော်တစ်ယောက်တည်း
စိတ်ကူးနဲ့တောင်ပေါ်တက်ဖို့ခေါ်လိုက်တယ်။
စေတီခြေရင်းမှာ တကိုယ်တည်းစခန်းသွင်း
ခပ်ငယ်ငယ်ကအတွေးမျိုးနဲ့
ဤသို့သော သစ်ခက်သစ်လက်မျိုးများကို ချိုးပြီးသောအခါ
ပဒေသာပင်တွေမရှိတော့ဘူးဆိုပြီး…..နောက်ကြောင်းပြန်လှည့်သွားပုံများ
ပရောပါဂန်ဒါတွေဟာ အစီအရီထွက်ကျလာ
လာမယ့် နှစ်ပေါင်း ၄၀၊
လာမယ့် လပေါင်း ၄၀၊
လာမယ့် ရက်ပေါင်း ၄၀၊
စိတ်ကူး အလေးဆဟာ
မသေချာသောအရပ်ကို သံလိုက်အိမ်မြှောင်လို သေချာနေတယ်
အခုအချိန်မှာ ဘာလိုပါသလဲ…..
သီးခံခြင်းပါ ဘုရား။
အခုချိန်မှာ ဘာလုပ်ရမလဲ
ရှေ့တဖြေးဖြေးတိုးခြင်းပါ ဘုရား။
အခုချိန်မှာ ဘာတွေးရမလဲ
၂၀၁၀ရဲ့ လူနေညများကိုတွေးရပါမယ် ဘုရား…..။
ကလေးဆန်လွန်းတဲ့ အရပ်မှာ
ကိုယ်တိုင်ရေးပုံတူဆိုတာလည်း သံလျက်ကြီးကိုင်ထားလို့ပါလား
အခုဘဲ ကြော်ငြာပြီးသွားပြီ……
မကြာခင်အချိန်အတွင်းမှာ လူကျွံဘောများကို
ဆက်လက်ဖမ်းယူတော့မှာဖြစ်ပါတယ်…..။
ဒါပေမယ့်
ဒီနေ့ညလသာကြောင်း အနည်းဆုံးအသိနဲ့ ကျွန်တော်သိပါတယ်။ ။
စိမ်းခက်စိုး
(Sun) October 4, 2009
12:12 AM.
“နောက်ဆက်တွဲတွေကိုကြိုက်သလိုသာမီးတောက်ပေတော့…”
“နောက်ဆက်တွဲတွေကိုကြိုက်သလိုသာမီးတောက်ပေတော့…”
။၁။
သေတမ်းစာ။
အစတစ်ခုကိုပြီးဆုံးကြောင်း
ဖြတ်လမ်းကနေစာလုံးပေါင်းတဲ့အခါ
ဒါဟာ ယဉ်ကျေးမှုတစ်ခုပဲ
မင်းအတွက်ငါရေးခဲ့ပါတယ်။
သူငယ်ချင်းမလေးအတွက် ငါရေးခဲ့ပါတယ်။
ဖတ်ပြီးရင်အိပ်လိုက်
နောက်ပြီး ဒါဟာ…
တိတ်တိတ်လေးနေတဲ့အခါမှ
စိုရွှဲလာတဲ့စာလုံးပေါင်းတွေပါ
နားမလည်ခဲ့သူတစ်ယောက်ရဲ့
ရွက်ဟောင်းတစ်ရွက်လည်းဖြစ်ပါတယ်..ကွယ်။
။၂။
တောင်တန်း။ တောင်ကုန်း။
မဝေးလှပါဘူးလို့
ငါတို့တစ်ဦးကိုယ်တစ်ဦး အားပေးကျော်လွှားခဲ့ဖူးတယ်
မင်းနဲ့ငါသာဝေးဝေးသွားတယ်
အဲဒီတောင်ကုန်းတောင်တန်းလေးတွေက
ငါတို့နားရောက်မလာသေးဘူး
တစ်နေ့တော့
အဲဒီမှာ ငါတို့တကယ် ခွဲခွာရခြင်းသင်္ချိုင်းကို
အဲဒီပေါ်မှာပြန်တွေ့မြင်ချင်ပါတယ်
အမှတ်တရအဖြစ်ပေါ့…ကွယ်။
။၃။
ကဗျာ။
လိမ္မော်ရောင်ဘာသာပြန်နဲ့
ပြန်မလာနိုင်တဲ့ရက်တွေ
ပြန်မတွေ့နိုင်တဲ့ရက်တွေကို အတိုးချပြီး
ငါတို့ကိုခွံ့ကျွေးနေတယ်။
အဲဒီနေ့ပြီးတော့ အဲဒီလို……
ဆိုလိုတာ သက်သက်နဲ့
အဖျားခတ်ပြီးဆုံးသွားရှာပြီ
ဒါ ပြက်လုံးတစ်ခုလည်းဖြစ်ပါတယ်…….ကွယ်။
။၎။
ဝ…၁၁၅၆ဆိုတဲ့ ဟမ်းဖုန်းနံပါတ်တစ်ခု…။
တချိန်က
သစ္စာတရားတစ်ခုရဲ့ ဆက်သွယ်ချက်ဖြစ်သလို
ရှင့်ကို ကျွန်မသိပ်ချစ်တယ်ဆိုတာရဲ့ သင်္ကေတ
မေ့လို့မရရင် စိတ်မှာမှော်ငြိနေရောလား….
တစ်ကြိမ်တည်းရွတ်မိရင်တောင်
သံသာဆုံးအထိ
ရေရွတ်သံတွေကြောင်ချင်လာတယ်….
တိုးတိုးလေးတစ်ယောက်တည်း အဲဒီနံပါတ်ကိုလှည့်လှည့်နေသူလေ
မျှော်တော်ယောင် ညင်ဆိုးနဲ့
ငါ မှောင်နေပါပြီ…..ငယ်ချစ်ရယ်။
။၅။
ဘတ်စ်ကား။
သံယောဇဉ်ခပ်များများကို အတုလုပ်ပြုံးပြီး
လူတွေကို သိမ်းထုတ်သွားတယ်
ပြီးရင် ရောက်တဲ့နေရာမှာပစ်ချ
ဆက်လက်ထွက်ခွာသွားမယ်
တချိန်က မင်းရယ်ငါရယ်ရှပ်တိုက်ခဲ့တယ်
အခု
ငါတစ်ယောက်တည်း ပစ်ပစ်ချခံနေရလို့
အဲလို ပစ်ပစ်ချခံရတိုင်းလည်း မင်းကိုလွမ်းလို့
တခါတလေတော့လည်း ရယ်ရသား… ကွယ်။
……… ……………
သိလား…
။၆။
နားရွက်။
အမျိုးမျိုးသောကြားနာချက်များပြီးနောက်
ကျက်သရေ ဝေဝင်းဖို့ဆိုလား
အခက်အလက်တွေတပ်လိုက်တယ်
ဘယ်သူမှမမြင်တော့ဘူး
ကြားတတ်အောင်သင်ပေးပါတဲ့
နေ့တွေက မောင့်ကိုလာလာပြောနေတယ် …ငယ်ချစ်ရေ။
။၇။
မီးတောက်။
တော်လဲသံနဲ့ အလဲအထပ်လုပ်ပြီး
သူထကတယ်
အမုန်းဆိုတာ အဲဒီကစဖြစ်တယ်ဆိုလား
မိုးတွေရွာတာတောင်
သူ့တစ်ကိုယ်လုံးတောက်လောင်နေတုန်း
အဲဒီနေ့ည မီးတောက်တွေသူ့ကိုဝိုင်းကလို့
အအေးပတ်ပြီးဆေးသောက်လိုက်ရတယ်…..။
။၈။
ချစ်သူ။
“မင်းမျက်ဝန်းတွေထဲ ကိုယ်ကြည့်လိုက်တဲ့အခါ
မျိုသိပ်ချုပ်တည်းထားတဲ့ အချစ်တစ်ခုကိုမြင်လိုက်ရပါတယ်….။
ဒါပေမယ့်
အချစ်ရယ် မင်းလက်ကို ကိုယ်ထွေးဆုပ်ထားတဲ့အခါ
ကိုယ်လည်း မင်းနဲ့ထပ်တူ ခံစားနေရတယ်ဆိုတာ
မင်းမသိဘူးလား…။
ဘယ်အရာတွေမြဲမှာလဲ
နောက်…… နှလုံးသားဆိုတာဟာလည်း
ပြောင်းလဲသွားနိုင်တယ်ဆိုတာ
ကိုယ်တို့နှစ်ယောက်လုံး သိထားကြတာပဲ
နောက်……. နိုဝင်ဘာမိုးသည်းသည်းမှာ
ဖယောင်းတိုင်မီးတောက်လေး ကြာရှည်လင်းတောက်နိုင်ဖို့….
တော်တော်ခက်ခဲပါတယ်လေ…..”
အဲဒီနိုဝင်ဘာမိုးသီချင်းကို
ဂျူလိုင်မိုးတွေထဲမှာဆိုနေတာလေ…….
မင်းရှိတယ်…. မင်းမရှိဘူး
ငါရှိတယ်….. ငါမရှိဘူးဆိုတဲ့ကြားမှာ
တစ်ခါတလေ
အင်ဗစ်ဇေးဘဲတစ်ခုဘဲခြားနေပါလိမ့်မယ်
ကမ္ဘာကုန်ကျယ်သရွေ့စကားကို
ကော်ဖီနဲ့တို့ စားရအောင်လား…..ငယ်ချစ်ရယ်။
။၉။
လမ်းစုံ။ လမ်းကြား။
ဘုရားသခင်ကို
မင်းကိုလွမ်းကြောင်း လျောက်တင်ဖို့တဲ့
ဟိုးဘက်ဘဝတွေထဲက လမ်းလျောက်ထွက်ခဲ့တယ်
အခု
လမ်းကြားလေးထဲကနေ လမ်းစုံကိုထွက်ဖို့
နှစ်ဦးစုံအောင်စောင့်နေတယ်တဲ့
အဲဒီကောင်လေးရဲ့ ဖုန်ဆိုးနေ့ရူးများကြားမှာပေါ့……။
။၁၀။
ဂျင်းဘောင်းဘီ။
လွဲတာတွေလွဲခွင့်ပိုင်ခဲ့သလို
အရောင်တွေလဲမွဲလာခဲ့တယ်လေ
ကိုယ့်အပေါ်ကိုတွယ်တာနေတဲ့ မင်းကို
အသစ်လဲပြီးမဝတ်ရဲခဲ့ဘူး
သူသာမင်းလိုဆိုရင်အတွေးကို
မီးခိုးတွေလို
ထွေးထွေးအူအူမှုတ်ထုတ်လို့
ခပ်နွမ်းနွမ်းလရောင်အောက်မှာပေါ့……
သူ့ဂျင်းဘောင်းဘီလေးလည်း
ရူးနေရှာတယ်ကွယ်…….။
။၁၁။
ဆံပင်ဖြူ။
မီးတောက်တဲ့ အနုပညာဆိုပေမယ့်
ဟုန်းခနဲ မဟုတ်ခဲ့ဘူး
တဘဝလုံးမြုံခဲတောက်လောင်နေတာ
ပိန်းကြာရွက်ပေါ် ခြေရာသာမထင်စေနဲ့
သူ ထထတီးတော့ခေါက်တော့တာဘဲ။
အခုငါ
အသက် ၃၀
မင်းဟာ
မနေ့တနေ့က သရဖူဆိုလည်း။
ငါပြန်မယူချင်တော့ပါဘူး …ငယ်ချစ်ရယ်။
။၁၂။
ချည်သားအင်္ကျီအဖြူ။
လမ်းမပေါ်မျက်နှာမူလိုက်တိုင်း
လူရိုင်းသီချင်းမှာ သူကဒဏ်ရာဝတ်စုံ
ဆုံးရှုံးပါပြီဆိုတိုင်းလည်း
သူက ဆုယူဝတ်စုံ
ဘာကြောင့်လဲသိချင်တယ်ဆိုရင်
နိမိတ်ပြမေးခွန်းတွေ ထောင့်စုံအောင်မေးပေတော့…။
။၁၃။
လမ်းပျောက်လိပ်ပြာ
လေသံသော့သော့
အသွားချွန်ချွန် အသွေးရဲရဲစကားတွေနဲ့။
သူတို့ဝင်ပုခက်လွှဲတာကို
မင်းဘာလို့ရဲဆေးယူတင်လိုက်တာလဲ ငါနားမလည်
ငါက
အလွမ်းကိုင်တော့ အနာဂတ်ပါယိုင်သွားရော
အခု ည ၉း၁၅ နာရီ
အိမ်မပြန်ရသေးဘူး လမ်းမှားများပေါ်မှာ။
။၁၄။
ရုပ်ရှင်။
လေသံဖြော့ဖြော့လေး မရှင်းမလင်းနဲ့
နေကြာစေ့ထုတ်လည်းပျောက်သွားတာဘဲ။
ရေသန့်ဘူးလည်းမှောက်သွားတာဘဲ။
ကဲပြီးရင် ရပ်လိုက်တော့။
ကဲ…ပြီးရင်ရပ်လိုက်တော့။
ကဲ… …ပြီးရင်ရပ်လိုက်တော့။
ဇာတ်လမ်းက ငါတို့ချစ်ခြင်းကိုပြန်ကြည့်နေတယ်။
အခု
ငါက အတိတ်ကရှက်ပြုံးတွေကို
စလိုးမိုးရှင်းနဲ့ စာလုံးပြန်ပေါင်းကြည့်နေတာပါ..ငယ်ချစ်ရာ။
။၁၅။
မွေးနေ့….။
တစ်ဘဝပြီးရင် နောက်တဘဝ
ငါတို့ ကြိုကလို့ရရင်ကောင်းမယ်နော်..
အခုတော့ အခြေမခိုင် ရွက်မပိုင်
လေတွေလည်းမနိုင်သလို သံယောဇဉ်တွေယိုင်နွဲ့ခဲ့ပြီ
ဟူးခနဲ့ ဖယောင်တိုင်လေး မင်းမှုတ်လိုက်
ပြုံးမြမြလေး ကိတ်မုန့် မင်းကိုက်လိုက်
ဟက်ပီးဘက်ဒေးသီးချင်း မင်းအော်ဆိုလိုက်
ခဏတာဆိုပေမယ့်လည်း အရာရာလွင့်လွင့်မိုက်မိုက်
ဒါပေမယ့် ရင်ခုန်သံမှာငိုရှိုက်နေပေါ့
ဒါဘဝဘဲ၊ ဒါမွေးနေ့ဘဲ၊ ဒါပြီးဆုံးခြင်းတစ်ခုပဲ၊
အဓိပ္ပာယ်တွေဟာ အဓိပ္ပာယ်ကိုရှာဖွေနေတဲ့အခါ
မင်းအိပ်ခန်းလေးဟာ
ဆုံးရှုံးခြင်းမီးတွေ ဟုန်းဟုန်းတောက်လောင်နေတော့တာဘဲမဟုတ်လား။
စိမ်းခက်စိုး
(Fri) July 24, 2009.
09:31pm.
အမှောင်ထဲကထွက်လာတဲ့နွေဦး….
အမှောင်ထဲကထွက်လာတဲ့နွေဦး
ချက်ဖို့ပြုတ်ဖို့ပျင်းတဲ့မျက်ဝန်းတွေနဲ့
နံက်ခင်းကို စနှိုးလိုက်တယ်
နွေလို ဆောင်းဦးကပူလောင်ခြောက်သွေ့နေတယ်
မင်းသတင်းတွေက
ဂျီမေးကနေတစ်ဆင့် ငါ့ရင်ကိုပြေးဆောင့်တယ်
ဒါဟာ တချိန်ကသာယာသံတွေပေါ့…….
ငါ့ကို ရေတစ်ခွက်ပေးပါ
လောကဓံရေ..မင်းအဖန်ဖန်တိုက်ချတဲ့ မှန်လေးတစ်ချပ်
အခုပြန်ဆက်ပြီးထလာပြန်ပြီ
မင်းဘာနဲ့တိုက်ချလိုက်ဦးမှာလဲ
ကျေးဇူးပါ။
ငါလည်း မာယာတွေနဲ့ပြည့်နှက်လာခဲ့ပြီ
ချစ်ခြင်းတရားမှာတောင် အခုဆို ခြေရာမကျန်အောင်
အတက်အဆုတ်တိကျလာပြီ
ကျေးဇူးပါ။
ငါ့ကိုခေါ်ပါပြောပါ………
ရိုသေစွာနဲ့ ပင့်သက်ချလိုက်ပါတယ်
မင်းသိလား…..ကောင်မလေးရေ
မင်းနဲ့တွေ့လိုက်ရချိန်မှာဘဲ
နွေဦးမှာ စမ်းတွေစိမ့်ထွက်ပြီး
ပန်းတွေးမွှေးမြလာတယ်………
ငါ့..ကမ္ဘာအခုဆို
သီချင်းတွေနဲ့ သာယာစိုပြေလာပြန်ပါရောလားကွယ်..
ဒါပေမယ့်
(အမှောင်ထုကိုတော့)…………ငါကြောက်နေဆဲပါပဲ။
စိမ်းခက်စိုး
(Sun) November 8, 2009
06:35pm
ငါ့ကိုဂျင်းပင်လေးပဲပေးပါ
ငါ့ကိုဂျင်းပင်လေးပဲပေးပါ
တိတ်တိတ်နေတာတွေကြာခဲ့တော့
နင်ထင်လေဦးမယ်…
ငါကဗျာတွေမရေးတော့ဘူးရယ်လို့…..။
လောကဓံကွင်းထဲမှာ
နွားရိုင်း၁၀၀၀နဲ့ ပတ်ပြေးနေရသူလို
တခါတလေ ကဗျာတွေကရင်ဘတ်ထဲမှာပဲ
ပွင့်ဝေမွှေးမြကြွေကြနေတတ်တယ်လေ။
ငါ့ကို ဂျင်းပင်တစ်ထည်ဘဲပေးပါ
ခံနိုင်ရည်ကို ဒါနဲ့ဘဲပြန်မြှူဆွယ်နေချင်မိမိ
ပြောမရတဲ့အဆုံး
လေပြင်းတွေကိုလည်းမုန်းတယ်။ လေညှင်းတွေကိုလည်းမုန်းတယ်။
စောင်းကြိုးညှင်းတီး မစီးဖြန်းချင်တော့ဘူး
ကာလပေါ်သီချင်းမှာ
အာသီသဟောင်းတွေအပင်းသွင်း
“လူ”ဖြစ်ချင်းဟာ လျော့ရဲလာလိုက်တာလေ….
နားအစစ်တွေ၊ ရင်ဘတ်အမှန်တွေဆီ
ငါ…ပစ်ကန်သွင်းချင်နေတာ
ကဗျာပါပဲ…ညီမငယ်ရေ။
ဘဝမှာ
ဒီလိုနေ့တွေကြုံဖို့ ဆုံဖို့
နင့်အကို ဘာယတြာမှ မချေခဲ့မိပါလေ…
ဒီလိုနဲ့ ငါဆက်လက်တိတ်ဆိတ်နေလိုက်မိတာပါ…
အမြတ်အစွန်းကတော့ ကြီးမားထွားကြိုင်းနေဆဲဟ…။ ။
စိမ်းခက်စိုး
(Mon) Jan 18, 2010
ငါ့အိပ်ကပ်ထဲက ခုန်ချထွက်ပြေးသွားတဲ့  ဒီဇင်ဘာ
ငါ့အိပ်ကပ်ထဲက ခုန်ချထွက်ပြေးသွားတဲ့  ဒီဇင်ဘာ
ယူတတ်ရင် ဒီဇင်ဘာဟာ သံဝေဂ
မသွေးရသေးတဲ့ မျက်နှာနဲ့ 
ညိုးငယ်နေတဲ့  သံချေးတက်ဒီဇင်ဘာ၊
ကောက်ရိုးပုံထဲကျသွားတဲ့ အပ်ဟာ
ငါ့ရှာနေတဲ့  ဒီဇင်ဘာလား။
တစ်ကိုယ်စာနွေးရုံလောင်စာနဲ့ 
တစ်ခါလေ လေကြီးမိုးကြီး အော်ရယ်လိုက်ပုံက
“အခြေနေအရတဲ့ ”။
သူ့ အတွက် ပိုလျှံနေတဲ့  နှင်းတောင်
ငါတို့ပေါ်ကွက်ကြားကြဲ နေတဲ့  ဒီဇင်ဘာ..။
ဒီဇင်ဘာ ထဲ ဘာတွေစိမ့်ဝင်နေလဲ
ငါတို့ ဟာ ငါတို့ မပီသခဲ့တော့
ခေတ်ဟာခေတ် မပီသခဲ့တော့
ငါတို့ ထဲမှာ ခေတ်ဟာ ရှိချင်မှ ရှိခဲ့ လေတော့
ညဆိုတာလည်း
ဖွာလန်ကြဲနေတဲ့  ဂစ်တာတစ်လက်နဲ့ 
အပျော်ဖတ်သက်သက်ကြီးပါကွာ။
ဒီဇင်ဘာကို ဘယ်သူတွေပုံပြောခဲ့လဲ
နေရောင်ခြည်ဆိုတာ နောက်ကျလေ့ရှိတတ်ကြောင်း၊
အောက်တိုဘာနဲ့ ညဘက်လမ်းတွဲမလျှောက်သင့်ကြောင်း၊
ခေတ်ကာလ ရောဂါဆန်းတွေကြား
ဒီဇင်ဘာကိုယ်တိုင် ရေးချိုးမမှားသင့်ကြောင်း၊
………………………………………………………
ပုံပြင်သံတွေနဲ့  ဒီဇင်ဘာဟာ ငွေ့ ငွေ့ လေးမှိုင်လို့ ၊
နောက်ကျောကို ဓါးထောက်
ချစ်လို့ စတာ ဆိုတဲ့ သားချော့တေးတွေကြား
ဒီဇင်ဘာဟာ ကလေးတစ်ယောက် မဟုတ်ခဲ့တာ သေချာပါတယ်။
ညီဇံလှ
သမီးပြန်ရောက်ခဲ့ပါပြီ…
သမီးပြန်ရောက်ခဲ့ပါပြီ…..
သံယောဇဉ်ပို့ကုန်တွေဈေးတက်တဲ့ ခေတ်ပျက်ကြီးမှာ
အမေနဲ့သမီးရဲ့ လမ်းသွားလမ်းလာက
ကိုရီးယားကားထဲကလိုလွဲတယ်။
အမေရိကန်စစ်ပွဲတွေလို ကြမ်းတယ်။
သတင်းစာတွေလို လိမ်တယ်။
ရှူနာရှိုက်ကုန်းအမေကိုပစ်
လောကဓံအနာဂတ်ကိုထစ်ဖို့
ရွှေတွေနဲ့အသစ်တည်တဲ့ ရွှေမြို့တော်ဟောက်ပက်ဆီ
တောစီးကျွမ်းကျင်ခဲ့ရတယ်။
အမေရယ်၊
သမီးတကယ်မပျော်ခဲ့ပါဘူး
လှော်ရမယ့်တာဝန်တွေကို ကျေချင်လို့သာ
ဒီရေဒီလေမှာ သမီးဆန်တက်နေရတာပါ….။
ဆန္ဒတွေခြုံစောင်လွှမ်းထားလို့
မာန်မာတွေကုန်အောင်ကျွမ်းမသွားသေးတုန်းတော့
သမီးလမ်းဟာချောလို့ မောလို့ပေါ့
အဲဒီတုန်းတည်းက
အမေကတော့ ပြုံးပြုံးလေးနှုတ်ဆက်တယ်
အေးအေးလေး ဖုန်းဖြေတယ်။
ညင်ညင်သာသာ ဆုံးမတယ်။
အခု..ဝေး ဝေး ဝေး ဝေး…..
သမီးလေ ဝေးတာတွေများလွန်းလို့
အမေနဲ့တော့ နီးချင်လာတယ်….။
သိလားအမေရယ်
အမေစာသင်ပေးခဲ့တဲ့မြေကလည်း
အမေ့အပြစ်မဟုတ်ပေမယ့်
လူမိုက်နဲ့ လူတုံးတွေဘဲထွက်ခဲ့တယ်။
အဲဒီထဲမှာ သမီးလည်းမချွန်မြခဲ့ရဘူး။
အခုလည်း လူးလားကူးခတ်နေဆဲပါ။
မတောက်တခေါက်လမ်းတွေပေါ်ကနေ၊
ဒဏ်ရာတွေကို စာစီပြီး၊
ပညာတတ်ခေတ်ကြီးရဲ့
မီးစာရဲရဲ ဆီကျဲကျဲကြမ်းတမ်းမှုတွေကနေ၊
အမေ့မေတ္တာတံစက်မြိတ်လေးဆီ၊
တစ်နေ့တစ်ခေါက် မှန်မှန်ပြန်မရောက်နိုင်တော့တဲ့ ဘဝမှာ၊
အခုလိုဘဲ အိပ်မက်တွေနဲ့
သမီးပြန်ပြန်ရောက်တတ်ခဲ့ပါပြီ မေမေ…။
(စိမ်းခက်စိုး)
ဒီဇင်ဘာ ၁၉၊ ၂၀၀၉။
နံက် ၉း၃၀နာရီ
BELIEVE IN YOUR DREAMS
Believe in yourself; Get to know yourself what you can do and
what you cannot do for only you can make your life happy
Believe in work, learning and achieving as a way of reaching
your goals and being successful
Believe in creativity as a means of expressing your true feelings and
as a way of being spontaneous
Believe in appreciating life. Be sure to have fun every day and
to enjoy the beauty in the world
Believe in loving. Love your friends, love your family love yourself,
and love your life
Believe in long-term relationships. Be sure the people are worthy of
your love and be very honest with them
Believe in your dreams and your dreams can become a reality
~Susan Polis Schutz
မှန်တင်ခုံ
မှန်တင်ခုံ
မကျေနပ်ဘူးလို့
ပြောရုံနဲ့
ကျေနပ်စရာ ကောင်းလာမှာ မဟုတ်ဘူး။
ကိုယ် ကိုယ်တိုင်
ချိုမိုင်မိုင်လောက် က တတ်ပြီး..
ထိုင်ရာ က မထ တစ်လက်မလောက်သာ
မြင်တတ်နေတာလား
စဉ်းစား…။
မိုင်ပေါင်းများစွာ တွေးမြင်ရင်
မိုင်ပေါင်းများစွာ ထလျှောက်
လမ်းဘေးက ပန်းဆွေးတွေကို ထားခဲ့။
ညံ့တဲ့ သူတွေ
ညံ့တဲ့နေရာမှာနေ
တော်ချင်တဲ့ သူတွေ
တော်မယ့်နေရာကို…. သွား။
ရှေ့ကိုရောက်တဲ့ အခါ
နောက်မှာ ကျန်ခဲ့တဲ့
မကျေနပ်စရာ တွေ
သူ့အလိုလို သေသွားလိမ့်မယ်…။
မကျေနပ်ဘူး လို့
အော်ပြောနေရုံနဲ့
ကျေနပ်စရာ ဖြစ်လာမှာ မှမဟုတ်ဘဲ..။
ကိုယ်တော်ရင် ဘယ်အရာ မဆို ကျော်နိုင်ရမယ်…။
မောင်လှမျိုး
P.S. ကဗျာ ပို့ပေးတဲ့ ညီမလေး ဆုဝေ ကိုကျေးဇူးအထူးတင်ပါတယ်။
အပိုင်းအစ (၂)
အပိုင်းအစ (၂)
မင်းသာလက်ခံမယ်ဆိုရင်
ငါ့ရဲ့ မပြည့်စုံခြင်းတွေနဲ့ပဲ
မင်းကို ပြည်စုံအောင်လုပ်ပေးချင်ခဲ့တာ..
ငါတို့မချမ်းသာပေမဲ့
ငါတို့ စိတ်ချမ်းသာရမှာပါ…
အနိုင်အရှုံးတွေနဲ့
ပြည့်နှက်နေတဲ့လောကကို စွန့်လွှတ်ရင်း
ပေးဆပ်နားလည်မှုတွေနဲ့ ပျော်ရွှင်နေရမယ့်ဘ၀တစ်ခုကို
တို့တွေ မြင်ယောင်ကြည့်ရအောင်ပါ…
ဘ၀လမ်း လျှောက်လှမ်းရုန်းကန်ရင်း
မင်းပင်ပမ်းတဲ့အချိန်တိုင်း
င့ါပုခုံး ငါ့ရင်ခွင်ဟာ
မင်းနားခိုဖို့ အသင့်ဖြစ်နေမှာပါ…
ရင်ဆိုင်ရမယ့် အခက်အခဲတွေ
ငါ့ကိုပေးပါ
အောင်မြင်မှုနဲ့ ပျော်ရွှင်ခြင်းတွေ
မင်းကို ငါပြန်ပေးပါ့မယ်…
အရှုံးတွေနဲ့ ငါလဲကျနေရင်
မင်းရဲ့ စကား မင်းရဲ့အပြုံးလေးတွေနဲ့
တခါတရံ ငါ့ကိုအားပေးပါ
ဒါဆို ငါ့အတွက် လုံလောက်ပါတယ်….
တို့ရဲ့ ဘ၀ကိုဖြတ်သန်းဖို့အတွက်
မင်းဟာငါ့ရဲ့နေ့
ငါဟာ မင်းရဲ့ညပါ…
ကမ္ဘာကျော်ကမ်းခြေတွေထက်
တိတ်ဆိတ်အေးချမ်းတဲ့
စပါးကွင်းအလယ်ကနေ
မြင်နေရတဲ့ နေညိုချိန်ဆည်းဆာအလှကို
တို့နှစ်ယောက် ပိုခံစားမိနိုင်လာမှာပါ…။
နုပျိုမှုတွေကို
တည်ငြိမ်ရင့်ကျက်မှုအတွက်
အဖိုးအခပေးဆပ်ပြီးတဲ့နောက်
ငါတို့ဆံပင်တွေ ငွေရောင်ပြောင်းသွားလည်း
ငါတို့အချစ်တွေ ဆက်လက်နုပျိုနေအုံးမှာပါ…
ကဲ…အချစ်ရေ
မင်းအသင့်ဖြစ်တဲ့အချိန်
တို့တွေ စလျှောက်ကြတာပေါ့…။
ဒီမိုးဦး
အပိုင်းအစ (၁)
အပိုင်းအစ (၁)
တခါတလေမှာ နှလုံးသားဆိုတာ
တန်ဖိုးထားတတ်ဖို့ဆိုတာထက်
တစ်စုံတစ်ယောက်အတွက် ပေးဆပ်မိတဲ့အခါ
အရာရာ ပြီးပြည့်စုံသွားတတ်တာ…။
ငါမြင်နိုင်လား ငါမသေချာပေမဲ့
အနူးညံ့ဆုံး ခံစားမှုတစ်ခုက
ငါ့..ရင်တစ်ခုလုံး မွှေနှောက်သွားတဲ့အခါ
ဒါမှမဟုတ်…
ပကတိ တည်ငြိမ်သွားတဲ့အခါ…။
ရွက်လွှာပွင့်လေးတွေ
ကဗျာဖြစ်သွားတဲ့တခဏ
ရင်ခုန်ခြင်း မိုးကောင်းကင်က
ကြည်လင်တောက်ပလို့…။
စကားလုံးတွေ ဖွင့်ဟဖို့
ငါကိုယ်တိုင် မကြိုးစားမိခင်
ဆွံ့အခြင်းက လွှမ်းမိုးသွားတယ်
အမည်မသိတဲ့ စွဲလမ်းမှုတစ်ခုအဖြစ်နဲ့…။
အချစ်ကို ဘာသာပြန်ပေမဲ့
ငါ့အတွက် သိပ်ခက်လွန်းခဲ့တယ်
တခါတလေ
စကားလုံးတွေမလိုတာကိုက
ပြည့်ဝတဲ့ သူ့အဓိပါယ်ဖြစ်မှာပါ…။
နောက်ဆုံး ငါမှတ်မိတယ်
သူ့အသံရယ်..
ငါမေ့မရဆုံး သူ့အပြုံးလေးတွေရယ်…
နောက်…
……….
အလှဆုံး အိပ်မက်လေးတစ်ခုရယ်…။
ဒီမိုးဦး