Archive for March, 2010

ဘယ်သူကဘာပြောလို့လဲ

ဘယ်သူကဘာပြောလို့လဲ

တကယ်တော့ ဒီနေ့ဟာလပြည့်နေ့
ကျွန်တော်တစ်ယောက်တည်း
စိတ်ကူးနဲ့တောင်ပေါ်တက်ဖို့ခေါ်လိုက်တယ်။
စေတီခြေရင်းမှာ တကိုယ်တည်းစခန်းသွင်း
ခပ်ငယ်ငယ်ကအတွေးမျိုးနဲ့
ဤသို့သော သစ်ခက်သစ်လက်မျိုးများကို ချိုးပြီးသောအခါ
ပဒေသာပင်တွေမရှိတော့ဘူးဆိုပြီး…..နောက်ကြောင်းပြန်လှည့်သွားပုံများ
ပရောပါဂန်ဒါတွေဟာ အစီအရီထွက်ကျလာ
လာမယ့် နှစ်ပေါင်း ၄၀၊
လာမယ့် လပေါင်း ၄၀၊
လာမယ့် ရက်ပေါင်း ၄၀၊
စိတ်ကူး အလေးဆဟာ
မသေချာသောအရပ်ကို သံလိုက်အိမ်မြှောင်လို သေချာနေတယ်
အခုအချိန်မှာ ဘာလိုပါသလဲ…..
သီးခံခြင်းပါ ဘုရား။
အခုချိန်မှာ ဘာလုပ်ရမလဲ
ရှေ့တဖြေးဖြေးတိုးခြင်းပါ ဘုရား။
အခုချိန်မှာ ဘာတွေးရမလဲ
၂၀၁၀ရဲ့ လူနေညများကိုတွေးရပါမယ် ဘုရား…..။
ကလေးဆန်လွန်းတဲ့ အရပ်မှာ
ကိုယ်တိုင်ရေးပုံတူဆိုတာလည်း သံလျက်ကြီးကိုင်ထားလို့ပါလား
အခုဘဲ ကြော်ငြာပြီးသွားပြီ……
မကြာခင်အချိန်အတွင်းမှာ လူကျွံဘောများကို
ဆက်လက်ဖမ်းယူတော့မှာဖြစ်ပါတယ်…..။
ဒါပေမယ့်
ဒီနေ့ညလသာကြောင်း အနည်းဆုံးအသိနဲ့ ကျွန်တော်သိပါတယ်။ ။

စိမ်းခက်စိုး
(Sun) October 4, 2009
12:12 AM.

March 4, 2010 at 5:50 pm 3 comments

OK ဘယ်က စဖြစ်တာလဲ…???

OK ဘယ်က လာတာလဲ…

ကမ္ဘာပေါ်မှာ သန်းပေါင်းများစွာသော သူများက OK စကားလုံးကို သုံးကြတယ်… OK ဆိုတဲ့အဓိပ္ပာယ် က “agreement” ဒါမှမဟုတ် “approval” လို့အဓိပ္ပာယ် ရတယ်… Chotaw လို့ ခေါ်တဲ့ Native American Indian လူမျိုးစု မှ ဆင်းသက်လာတယ်လို့ ဆိုကြတယ်… Chotaw စကားဖြစ်သော “okeh” အဓိပ္ပာယ် က အမေရိကန် စကားလုံး နဲ့ အဓိပ္ပာယ် တူတယ်… ၁၉ ရာစုနှစ်က “Choctaw” ဘာသာစကားကို အနောက်အမေရိကန် မှာသုံးစွဲ ခဲ့တယ် လို့ကျွမ်းကျင်သူများက ဆိုသည်။ အထက်ပါ အချက်နဲ့ ပတ်သတ်လို့ ယခုထိငြင်းခုံနေကြဆဲဖြစ်သည်။
ဘာသာစကားရေးရာကျွမ်းကျင်သူ Allen Walker Read ရေးသော “OK” အကြောင်းစာတမ်းကို ၁၉၆၀ ခုနှစ်ကထုတ်ဝေခဲ့သည်။ သူက ၁၈၃၀ နှစ်များဆီက တည်းက သုံးစွဲခဲ့သည်ဟုဆိုသည်။ “all correct” ကိုအတိုကောက်ရေးချင်းဖြစ်သည်ဟုဆိုသည်။ အချို့သော နိုင်ငံခြားသားများက “all correct” ကို “o-l-l k-o-r-r-e-c-t” ဟုရေးရာမှ “OK” ဟုဖြစ်လာသည်ဟုဆိုသည်။
အချို့သောသူများက မီးရထား အလုပ်သမား Obadiah Kelly ကတီထွင်ခဲ့သည်ဟုဆိုကြသည်။ သူ့နာမည် အတိုကောက်စာလုံးဖြစ်သော “O နှင့် K” ကို ရထားနှင့်ပို့ပေးသော သူ၏ ပစ္စည်းများပေးပို့ရာတွင် ရေးလေ့ ရှိသည်ဟုဆိုသည်။
အချို့သော သူများ ကတော့ နိုင်ငံရေးပါတီ တစ်ခုမှ တီထွင်ခဲ့သည်ဟုဆိုသည်။ ၁၈၄၀ ခုနှစ်က သမ္မတ Martin Van Buren ကိုထောက်ပံ့သော အဖွဲ့က သူတို့ အဖွဲ့ကို “OK club” ဟုခေါ်ဆိုခဲ့သည်။ Martin Van Buren မွေးဖွားရာဇာတိဖြစ်သော New York ပြည်နယ်၊ Old Kinderhook မှ “OK” ကိုယူထားချင်း ဖြစ်သည် ဟုဆိုသည်။ အဆိုပါ အချက်ကို မည်သူမျှ သဘော မတူခဲ့ကြသော်လည်း ကျွမ်းကျင်သူအချို့ က အဆိုပါစကားသည် အမေရိကန် စစ်စစ် စကားဖြစ်သည်ဟုဆိုကြသည်။ ထိုမှ တဆင့် တစ်ကမ္ဘာ လုံး နီးပါးသို့ ပျံ့နှံ့သွားခဲ့သည်ဟုဆိုသည်။
အခြားဖော်ပြချက်တစ်ခု မှာ “A-OK” ဖြစ်သည်။ အဓိပ္ပာယ်မှာ “Everything is fine” ဖြစ်သည်။ အာကာသ ခေတ်စကားဖြစ်သည်ဟုဆိုသည်။ ၁၉၆၁ ခုနှစ်တွင် “Astronaut Alan Shepard” ကစတင်သုံးခဲ့ခြင်းဖြစ်သည်။ သူသည် အာကာသထဲ သို့ ပထမဆုံးသွားရောက်သော အမေရိကန်လူမျိုးဖြစ်သည်။ သူက အစီအစဉ်အတိုင်း သမုဒ္ဒရာအတွင်းသို့ ဆင်းသက်နိုင်ခဲ့ခြင်းကို “Everything is A-OK” ဟု သတင်းပို့ခဲ့သည်။ အချို့သော ကျွမ်းကျင်သူများကတော့ ထိုမှ ဆင်းသက်လာခြင်းမဟုတ်ဟုဆိုသည်။ တယ်လီဖုန်းစတင် အသုံးပြုသောခေတ်များဆီက တယ်လီဖုန်းအော်ပရေတာ က လက်ခံရှိခဲ့သော သတင်းစကားဖြစ်သည်ဟုဆိုသည်။
အချို့သောသူများက “OK” အား “okey-dokey” သို့မဟုတ် “okey-doke” ဟုလည်း သုံးနှုံးကြသည်။ ၁၉၃၀ ခုနှစ်များက စတင်သုံးစွဲခဲ့ကြသည်ဟုဆိုသည်။ ယနေ့ခတ် တွင် အမေရိကန် တီဗွီအစီအစဉ်တစ်ခုဖြစ်သော “The Simpsons” မှသရုပ်ဆောင်တစ်ယောက်က “okely-dokely” ဟုသုံးခဲ့သည်။

အသေးစိတ်ကို ဒီမှာ ဖတ်ပါ…

March 4, 2010 at 5:39 pm 1 comment

“နောက်ဆက်တွဲတွေကိုကြိုက်သလိုသာမီးတောက်ပေတော့…”

နောက်ဆက်တွဲတွေကိုကြိုက်သလိုသာမီးတောက်ပေတော့…”

။၁။

သေတမ်းစာ။

အစတစ်ခုကိုပြီးဆုံးကြောင်း

ဖြတ်လမ်းကနေစာလုံးပေါင်းတဲ့အခါ

ဒါဟာ ယဉ်ကျေးမှုတစ်ခုပဲ

မင်းအတွက်ငါရေးခဲ့ပါတယ်။

သူငယ်ချင်းမလေးအတွက် ငါရေးခဲ့ပါတယ်။

ဖတ်ပြီးရင်အိပ်လိုက်

နောက်ပြီး ဒါဟာ…

တိတ်တိတ်လေးနေတဲ့အခါမှ

စိုရွှဲလာတဲ့စာလုံးပေါင်းတွေပါ

နားမလည်ခဲ့သူတစ်ယောက်ရဲ့

ရွက်ဟောင်းတစ်ရွက်လည်းဖြစ်ပါတယ်..ကွယ်။

။၂။

တောင်တန်း။ တောင်ကုန်း။

မဝေးလှပါဘူးလို့

ငါတို့တစ်ဦးကိုယ်တစ်ဦး အားပေးကျော်လွှားခဲ့ဖူးတယ်

မင်းနဲ့ငါသာဝေးဝေးသွားတယ်

အဲဒီတောင်ကုန်းတောင်တန်းလေးတွေက

ငါတို့နားရောက်မလာသေးဘူး

တစ်နေ့တော့

အဲဒီမှာ ငါတို့တကယ် ခွဲခွာရခြင်းသင်္ချိုင်းကို

အဲဒီပေါ်မှာပြန်တွေ့မြင်ချင်ပါတယ်

အမှတ်တရအဖြစ်ပေါ့…ကွယ်။

။၃။

ကဗျာ။

လိမ္မော်ရောင်ဘာသာပြန်နဲ့

ပြန်မလာနိုင်တဲ့ရက်တွေ

ပြန်မတွေ့နိုင်တဲ့ရက်တွေကို အတိုးချပြီး

ငါတို့ကိုခွံ့ကျွေးနေတယ်။

အဲဒီနေ့ပြီးတော့ အဲဒီလို……

ဆိုလိုတာ သက်သက်နဲ့
အဖျားခတ်ပြီးဆုံးသွားရှာပြီ

ဒါ ပြက်လုံးတစ်ခုလည်းဖြစ်ပါတယ်…….ကွယ်။

။၎။

၁၁၅၆ဆိုတဲ့ ဟမ်းဖုန်းနံပါတ်တစ်ခု

တချိန်က

သစ္စာတရားတစ်ခုရဲ့ ဆက်သွယ်ချက်ဖြစ်သလို

ရှင့်ကို ကျွန်မသိပ်ချစ်တယ်ဆိုတာရဲ့ သင်္ကေတ

မေ့လို့မရရင် စိတ်မှာမှော်ငြိနေရောလား….

တစ်ကြိမ်တည်းရွတ်မိရင်တောင်

သံသာဆုံးအထိ

ရေရွတ်သံတွေကြောင်ချင်လာတယ်….

တိုးတိုးလေးတစ်ယောက်တည်း အဲဒီနံပါတ်ကိုလှည့်လှည့်နေသူလေ

မျှော်တော်ယောင် ညင်ဆိုးနဲ့

ငါ မှောင်နေပါပြီ…..ငယ်ချစ်ရယ်။

။၅။

ဘတ်စ်ကား။

သံယောဇဉ်ခပ်များများကို အတုလုပ်ပြုံးပြီး

လူတွေကို သိမ်းထုတ်သွားတယ်

ပြီးရင် ရောက်တဲ့နေရာမှာပစ်ချ

ဆက်လက်ထွက်ခွာသွားမယ်

တချိန်က မင်းရယ်ငါရယ်ရှပ်တိုက်ခဲ့တယ်

အခု

ငါတစ်ယောက်တည်း ပစ်ပစ်ချခံနေရလို့

အဲလို ပစ်ပစ်ချခံရတိုင်းလည်း မင်းကိုလွမ်းလို့

တခါတလေတော့လည်း ရယ်ရသား… ကွယ်။

……… ……………

သိလား…

။၆။

နားရွက်။

အမျိုးမျိုးသောကြားနာချက်များပြီးနောက်

ကျက်သရေ ဝေဝင်းဖို့ဆိုလား

အခက်အလက်တွေတပ်လိုက်တယ်

ဘယ်သူမှမမြင်တော့ဘူး

ကြားတတ်အောင်သင်ပေးပါတဲ့

နေ့တွေက မောင့်ကိုလာလာပြောနေတယ် …ငယ်ချစ်ရေ။

။၇။

မီးတောက်။

တော်လဲသံနဲ့ အလဲအထပ်လုပ်ပြီး

သူထကတယ်

အမုန်းဆိုတာ အဲဒီကစဖြစ်တယ်ဆိုလား

မိုးတွေရွာတာတောင်

သူ့တစ်ကိုယ်လုံးတောက်လောင်နေတုန်း

အဲဒီနေ့ည မီးတောက်တွေသူ့ကိုဝိုင်းကလို့

အအေးပတ်ပြီးဆေးသောက်လိုက်ရတယ်…..။

။၈။

ချစ်သူ။

“မင်းမျက်ဝန်းတွေထဲ ကိုယ်ကြည့်လိုက်တဲ့အခါ

မျိုသိပ်ချုပ်တည်းထားတဲ့ အချစ်တစ်ခုကိုမြင်လိုက်ရပါတယ်….။

ဒါပေမယ့်

အချစ်ရယ် မင်းလက်ကို ကိုယ်ထွေးဆုပ်ထားတဲ့အခါ

ကိုယ်လည်း မင်းနဲ့ထပ်တူ ခံစားနေရတယ်ဆိုတာ

မင်းမသိဘူးလား…။

ဘယ်အရာတွေမြဲမှာလဲ

နောက်…… နှလုံးသားဆိုတာဟာလည်း

ပြောင်းလဲသွားနိုင်တယ်ဆိုတာ

ကိုယ်တို့နှစ်ယောက်လုံး သိထားကြတာပဲ

နောက်……. နိုဝင်ဘာမိုးသည်းသည်းမှာ

ဖယောင်းတိုင်မီးတောက်လေး ကြာရှည်လင်းတောက်နိုင်ဖို့….

တော်တော်ခက်ခဲပါတယ်လေ…..”

အဲဒီနိုဝင်ဘာမိုးသီချင်းကို

ဂျူလိုင်မိုးတွေထဲမှာဆိုနေတာလေ…….

မင်းရှိတယ်…. မင်းမရှိဘူး

ငါရှိတယ်….. ငါမရှိဘူးဆိုတဲ့ကြားမှာ

တစ်ခါတလေ

အင်ဗစ်ဇေးဘဲတစ်ခုဘဲခြားနေပါလိမ့်မယ်

ကမ္ဘာကုန်ကျယ်သရွေ့စကားကို

ကော်ဖီနဲ့တို့ စားရအောင်လား…..ငယ်ချစ်ရယ်။

။၉။

လမ်းစုံ။ လမ်းကြား။

ဘုရားသခင်ကို

မင်းကိုလွမ်းကြောင်း လျောက်တင်ဖို့တဲ့

ဟိုးဘက်ဘဝတွေထဲက လမ်းလျောက်ထွက်ခဲ့တယ်

အခု

လမ်းကြားလေးထဲကနေ လမ်းစုံကိုထွက်ဖို့

နှစ်ဦးစုံအောင်စောင့်နေတယ်တဲ့

အဲဒီကောင်လေးရဲ့ ဖုန်ဆိုးနေ့ရူးများကြားမှာပေါ့……။

။၁၀။

ဂျင်းဘောင်းဘီ။

လွဲတာတွေလွဲခွင့်ပိုင်ခဲ့သလို

အရောင်တွေလဲမွဲလာခဲ့တယ်လေ

ကိုယ့်အပေါ်ကိုတွယ်တာနေတဲ့ မင်းကို

အသစ်လဲပြီးမဝတ်ရဲခဲ့ဘူး

သူသာမင်းလိုဆိုရင်အတွေးကို

မီးခိုးတွေလို

ထွေးထွေးအူအူမှုတ်ထုတ်လို့

ခပ်နွမ်းနွမ်းလရောင်အောက်မှာပေါ့……

သူ့ဂျင်းဘောင်းဘီလေးလည်း

ရူးနေရှာတယ်ကွယ်…….။

။၁၁။

ဆံပင်ဖြူ။

မီးတောက်တဲ့ အနုပညာဆိုပေမယ့်

ဟုန်းခနဲ မဟုတ်ခဲ့ဘူး

တဘဝလုံးမြုံခဲတောက်လောင်နေတာ

ပိန်းကြာရွက်ပေါ် ခြေရာသာမထင်စေနဲ့

သူ ထထတီးတော့ခေါက်တော့တာဘဲ။

အခုငါ

အသက် ၃၀

မင်းဟာ

မနေ့တနေ့က သရဖူဆိုလည်း။

ငါပြန်မယူချင်တော့ပါဘူး …ငယ်ချစ်ရယ်။

။၁၂။

ချည်သားအင်္ကျီအဖြူ။

လမ်းမပေါ်မျက်နှာမူလိုက်တိုင်း

လူရိုင်းသီချင်းမှာ သူကဒဏ်ရာဝတ်စုံ

ဆုံးရှုံးပါပြီဆိုတိုင်းလည်း

သူက ဆုယူဝတ်စုံ

ဘာကြောင့်လဲသိချင်တယ်ဆိုရင်

နိမိတ်ပြမေးခွန်းတွေ ထောင့်စုံအောင်မေးပေတော့…။

။၁၃။

လမ်းပျောက်လိပ်ပြာ

လေသံသော့သော့

အသွားချွန်ချွန် အသွေးရဲရဲစကားတွေနဲ့။

သူတို့ဝင်ပုခက်လွှဲတာကို

မင်းဘာလို့ရဲဆေးယူတင်လိုက်တာလဲ ငါနားမလည်

ငါက

အလွမ်းကိုင်တော့ အနာဂတ်ပါယိုင်သွားရော

အခု ည ၉း၁၅ နာရီ

အိမ်မပြန်ရသေးဘူး လမ်းမှားများပေါ်မှာ။

။၁၄။

ရုပ်ရှင်။

လေသံဖြော့ဖြော့လေး မရှင်းမလင်းနဲ့

နေကြာစေ့ထုတ်လည်းပျောက်သွားတာဘဲ။

ရေသန့်ဘူးလည်းမှောက်သွားတာဘဲ။

ကဲပြီးရင် ရပ်လိုက်တော့။

ကဲ…ပြီးရင်ရပ်လိုက်တော့။

ကဲ…  …ပြီးရင်ရပ်လိုက်တော့။

ဇာတ်လမ်းက ငါတို့ချစ်ခြင်းကိုပြန်ကြည့်နေတယ်။

အခု

ငါက အတိတ်ကရှက်ပြုံးတွေကို

စလိုးမိုးရှင်းနဲ့ စာလုံးပြန်ပေါင်းကြည့်နေတာပါ..ငယ်ချစ်ရာ။

။၁၅။

မွေးနေ့….

တစ်ဘဝပြီးရင် နောက်တဘဝ

ငါတို့ ကြိုကလို့ရရင်ကောင်းမယ်နော်..

အခုတော့ အခြေမခိုင် ရွက်မပိုင်

လေတွေလည်းမနိုင်သလို သံယောဇဉ်တွေယိုင်နွဲ့ခဲ့ပြီ

ဟူးခနဲ့ ဖယောင်တိုင်လေး မင်းမှုတ်လိုက်

ပြုံးမြမြလေး ကိတ်မုန့် မင်းကိုက်လိုက်

ဟက်ပီးဘက်ဒေးသီးချင်း မင်းအော်ဆိုလိုက်

ခဏတာဆိုပေမယ့်လည်း အရာရာလွင့်လွင့်မိုက်မိုက်

ဒါပေမယ့် ရင်ခုန်သံမှာငိုရှိုက်နေပေါ့

ဒါဘဝဘဲ၊ ဒါမွေးနေ့ဘဲ၊ ဒါပြီးဆုံးခြင်းတစ်ခုပဲ၊

အဓိပ္ပာယ်တွေဟာ အဓိပ္ပာယ်ကိုရှာဖွေနေတဲ့အခါ

မင်းအိပ်ခန်းလေးဟာ

ဆုံးရှုံးခြင်းမီးတွေ ဟုန်းဟုန်းတောက်လောင်နေတော့တာဘဲမဟုတ်လား။

စိမ်းခက်စိုး

(Fri) July 24, 2009.

09:31pm.



March 4, 2010 at 1:30 am Leave a comment


Calendar

March 2010
M T W T F S S
1234567
891011121314
15161718192021
22232425262728
293031  

Posts by Month

Posts by Category