Archive for January, 2010

“အဘိုကြီးအို လေးဆိုတဲ့ သီချင်း”

“အဘိုကြီးအို လေးဆိုတဲ့ သီချင်း”

မှော်ဆရာတစ်သင်းလုံးကို၊

ငါ့ရင်ဘတ်မှသိမ်းကြုံးတည့်၊

အဲဒီညကိုကျဲပက်လိုက်တယ်…..

နင်နဲ့ တွဲကမယ့် အိပ်မက်ရှည်ရှည်ပေါ့

လာလေရော့………။

အဲလိုဆိုလိုက်တော့

ဂစ်တာလေးဟာ ပျော်ရွှင်လာပါလေရော

ဒီတောမှာ

ဒီသဘောတွေရှိပါတယ်လို့

နင်ပဲပြောခဲ့တယ်။

နင်ပဲဟောခဲ့တယ်။

နင်ပဲသင်ပေးခဲ့တယ်။

အခုကျ…နင်ပဲဘေးမဲ့ပြန်လွှတ်ခဲ့ပြန်တယ်။

ငါ့မလဲ နင့်အကြောင်းမပါရင် ကဗျာမဖြစ်…

စစ်အတွင်းက ထမင်းခြောက်တွေလို

ကျည်ဆန်တွေနဲ့အတူမြိုချခဲ့ရ…….။

မှော်ဆရာတစ်သင်းလုံးက ငါ့ကို

ပြန်စစ်ခင်းတယ်…

ငါ့….ကိုယ်ငါပြန်ကယ်မယ်အထင်နဲ့တော့

နင်ငါ့ကိုစစ်မခင်းပါနဲ့….ကောင်မလေး

ငါဆိုတဲ့ကောင်လေးက

နင့်…မျက်ဝန်းစင်းစင်းလေးမှာ တစ်ဘဝ

နင့်…ချည်သားဝတ်စုံလေးမှာ တစ်ဘဝ

နင့်…ရုံးသွားစက်ဘီးလေးမှာ တစ်ဘဝ

အထပ်ထပ်အလျားလျား သံသရာရှည်လာသူပါဟ…။

လက်သီးကျစ် ဖနောင့်စောင့်လို့

အံကျိတ်ရွတ်လိုက်တဲ့ ဂါထာမှာလည်း

အဲဒါတွေပဲ ကပ်ပါလာတယ်..

နင် သိပ်လှလှလာတယ်ကောင်မလေးရယ်….တဲ့။              ။

စိမ်းခက်စိုး

(ကြာသာပတေး) ဇန်နဝါရီ ၂၈၊ ၂၀၁၀။

၀၇း ၄၉နာရီ

January 28, 2010 at 4:39 pm 4 comments

အမှောင်ထဲကထွက်လာတဲ့နွေဦး….

အမှောင်ထဲကထွက်လာတဲ့နွေဦး

ချက်ဖို့ပြုတ်ဖို့ပျင်းတဲ့မျက်ဝန်းတွေနဲ့

နံက်ခင်းကို စနှိုးလိုက်တယ်

နွေလို ဆောင်းဦးကပူလောင်ခြောက်သွေ့နေတယ်

မင်းသတင်းတွေက

ဂျီမေးကနေတစ်ဆင့် ငါ့ရင်ကိုပြေးဆောင့်တယ်

ဒါဟာ တချိန်ကသာယာသံတွေပေါ့…….

ငါ့ကို ရေတစ်ခွက်ပေးပါ

လောကဓံရေ..မင်းအဖန်ဖန်တိုက်ချတဲ့ မှန်လေးတစ်ချပ်

အခုပြန်ဆက်ပြီးထလာပြန်ပြီ

မင်းဘာနဲ့တိုက်ချလိုက်ဦးမှာလဲ

ကျေးဇူးပါ။

ငါလည်း မာယာတွေနဲ့ပြည့်နှက်လာခဲ့ပြီ

ချစ်ခြင်းတရားမှာတောင် အခုဆို ခြေရာမကျန်အောင်

အတက်အဆုတ်တိကျလာပြီ

ကျေးဇူးပါ။

ငါ့ကိုခေါ်ပါပြောပါ………

ရိုသေစွာနဲ့ ပင့်သက်ချလိုက်ပါတယ်

မင်းသိလား…..ကောင်မလေးရေ

မင်းနဲ့တွေ့လိုက်ရချိန်မှာဘဲ

နွေဦးမှာ စမ်းတွေစိမ့်ထွက်ပြီး

ပန်းတွေးမွှေးမြလာတယ်………

ငါ့..ကမ္ဘာအခုဆို

သီချင်းတွေနဲ့ သာယာစိုပြေလာပြန်ပါရောလားကွယ်..

ဒါပေမယ့်

(အမှောင်ထုကိုတော့)…………ငါကြောက်နေဆဲပါပဲ။

စိမ်းခက်စိုး

(Sun) November 8, 2009

06:35pm

January 24, 2010 at 12:00 pm 1 comment

ငါ့ကိုဂျင်းပင်လေးပဲပေးပါ

ငါ့ကိုဂျင်းပင်လေးပဲပေးပါ

တိတ်တိတ်နေတာတွေကြာခဲ့တော့

နင်ထင်လေဦးမယ်…

ငါကဗျာတွေမရေးတော့ဘူးရယ်လို့…..။

လောကဓံကွင်းထဲမှာ

နွားရိုင်း၁၀၀၀နဲ့ ပတ်ပြေးနေရသူလို

တခါတလေ ကဗျာတွေကရင်ဘတ်ထဲမှာပဲ

ပွင့်ဝေမွှေးမြကြွေကြနေတတ်တယ်လေ။

ငါ့ကို ဂျင်းပင်တစ်ထည်ဘဲပေးပါ

ခံနိုင်ရည်ကို ဒါနဲ့ဘဲပြန်မြှူဆွယ်နေချင်မိမိ

ပြောမရတဲ့အဆုံး

လေပြင်းတွေကိုလည်းမုန်းတယ်။ လေညှင်းတွေကိုလည်းမုန်းတယ်။

စောင်းကြိုးညှင်းတီး မစီးဖြန်းချင်တော့ဘူး

ကာလပေါ်သီချင်းမှာ

အာသီသဟောင်းတွေအပင်းသွင်း

“လူ”ဖြစ်ချင်းဟာ လျော့ရဲလာလိုက်တာလေ….

နားအစစ်တွေ၊ ရင်ဘတ်အမှန်တွေဆီ

ငါ…ပစ်ကန်သွင်းချင်နေတာ

ကဗျာပါပဲ…ညီမငယ်ရေ။

ဘဝမှာ

ဒီလိုနေ့တွေကြုံဖို့ ဆုံဖို့

နင့်အကို ဘာယတြာမှ မချေခဲ့မိပါလေ…

ဒီလိုနဲ့ ငါဆက်လက်တိတ်ဆိတ်နေလိုက်မိတာပါ…

အမြတ်အစွန်းကတော့ ကြီးမားထွားကြိုင်းနေဆဲဟ…။        ။

စိမ်းခက်စိုး

(Mon) Jan 18, 2010

January 20, 2010 at 1:04 pm 1 comment

မရယ်နဲ့….

ကောင်လေး၊၊၊၊၊၊၊၊၊ “နင်ဟာ ငါ့ရဲ့ကောင်းကင်ပါ ဟန်နီရယ်”

ကောင်မလေး၊၊၊၊၊ “ဟာ… ငါနင့်ရဲ့ကောင်းကင်မဖြစ်ချင်ဘူး”

ကောင်လေး၊၊၊၊၊၊၊ “ ငါနင့်ကို တကယ်ချစ်တာပါ… နင်ငါ့ကို မချစ်ဘူးလား?”

ကောင်မလေး။။။ “ချစ်တာပေါ့… ချစ်လို့ နင့်ရဲ့ကောင်းကင် မဖြစ်ချင်တာ”

ကောင်လေး။။။။ “ အမ်”

ကောင်မလေး၊၊၊၊ “ဟုတ်တယ်…ငါ က နင့်ကောင်းကင် ဆိုရင် နင့်ကောင်းကင် က အမြဲ မိုးအုံ့ နေမှာပေါ့.. ငါ က         အသားမဲ တာကိုးဟ….”

January 19, 2010 at 1:45 pm 2 comments


Calendar

January 2010
M T W T F S S
« Dec   Mar »
 123
45678910
11121314151617
18192021222324
25262728293031

Posts by Month

Posts by Category


Follow

Get every new post delivered to your Inbox.