Archive for December, 2009
ငါ့အိပ်ကပ်ထဲက ခုန်ချထွက်ပြေးသွားတဲ့  ဒီဇင်ဘာ
ငါ့အိပ်ကပ်ထဲက ခုန်ချထွက်ပြေးသွားတဲ့  ဒီဇင်ဘာ
ယူတတ်ရင် ဒီဇင်ဘာဟာ သံဝေဂ
မသွေးရသေးတဲ့ မျက်နှာနဲ့ 
ညိုးငယ်နေတဲ့  သံချေးတက်ဒီဇင်ဘာ၊
ကောက်ရိုးပုံထဲကျသွားတဲ့ အပ်ဟာ
ငါ့ရှာနေတဲ့  ဒီဇင်ဘာလား။
တစ်ကိုယ်စာနွေးရုံလောင်စာနဲ့ 
တစ်ခါလေ လေကြီးမိုးကြီး အော်ရယ်လိုက်ပုံက
“အခြေနေအရတဲ့ ”။
သူ့ အတွက် ပိုလျှံနေတဲ့  နှင်းတောင်
ငါတို့ပေါ်ကွက်ကြားကြဲ နေတဲ့  ဒီဇင်ဘာ..။
ဒီဇင်ဘာ ထဲ ဘာတွေစိမ့်ဝင်နေလဲ
ငါတို့ ဟာ ငါတို့ မပီသခဲ့တော့
ခေတ်ဟာခေတ် မပီသခဲ့တော့
ငါတို့ ထဲမှာ ခေတ်ဟာ ရှိချင်မှ ရှိခဲ့ လေတော့
ညဆိုတာလည်း
ဖွာလန်ကြဲနေတဲ့  ဂစ်တာတစ်လက်နဲ့ 
အပျော်ဖတ်သက်သက်ကြီးပါကွာ။
ဒီဇင်ဘာကို ဘယ်သူတွေပုံပြောခဲ့လဲ
နေရောင်ခြည်ဆိုတာ နောက်ကျလေ့ရှိတတ်ကြောင်း၊
အောက်တိုဘာနဲ့ ညဘက်လမ်းတွဲမလျှောက်သင့်ကြောင်း၊
ခေတ်ကာလ ရောဂါဆန်းတွေကြား
ဒီဇင်ဘာကိုယ်တိုင် ရေးချိုးမမှားသင့်ကြောင်း၊
………………………………………………………
ပုံပြင်သံတွေနဲ့  ဒီဇင်ဘာဟာ ငွေ့ ငွေ့ လေးမှိုင်လို့ ၊
နောက်ကျောကို ဓါးထောက်
ချစ်လို့ စတာ ဆိုတဲ့ သားချော့တေးတွေကြား
ဒီဇင်ဘာဟာ ကလေးတစ်ယောက် မဟုတ်ခဲ့တာ သေချာပါတယ်။
ညီဇံလှ
သမီးပြန်ရောက်ခဲ့ပါပြီ…
သမီးပြန်ရောက်ခဲ့ပါပြီ…..
သံယောဇဉ်ပို့ကုန်တွေဈေးတက်တဲ့ ခေတ်ပျက်ကြီးမှာ
အမေနဲ့သမီးရဲ့ လမ်းသွားလမ်းလာက
ကိုရီးယားကားထဲကလိုလွဲတယ်။
အမေရိကန်စစ်ပွဲတွေလို ကြမ်းတယ်။
သတင်းစာတွေလို လိမ်တယ်။
ရှူနာရှိုက်ကုန်းအမေကိုပစ်
လောကဓံအနာဂတ်ကိုထစ်ဖို့
ရွှေတွေနဲ့အသစ်တည်တဲ့ ရွှေမြို့တော်ဟောက်ပက်ဆီ
တောစီးကျွမ်းကျင်ခဲ့ရတယ်။
အမေရယ်၊
သမီးတကယ်မပျော်ခဲ့ပါဘူး
လှော်ရမယ့်တာဝန်တွေကို ကျေချင်လို့သာ
ဒီရေဒီလေမှာ သမီးဆန်တက်နေရတာပါ….။
ဆန္ဒတွေခြုံစောင်လွှမ်းထားလို့
မာန်မာတွေကုန်အောင်ကျွမ်းမသွားသေးတုန်းတော့
သမီးလမ်းဟာချောလို့ မောလို့ပေါ့
အဲဒီတုန်းတည်းက
အမေကတော့ ပြုံးပြုံးလေးနှုတ်ဆက်တယ်
အေးအေးလေး ဖုန်းဖြေတယ်။
ညင်ညင်သာသာ ဆုံးမတယ်။
အခု..ဝေး ဝေး ဝေး ဝေး…..
သမီးလေ ဝေးတာတွေများလွန်းလို့
အမေနဲ့တော့ နီးချင်လာတယ်….။
သိလားအမေရယ်
အမေစာသင်ပေးခဲ့တဲ့မြေကလည်း
အမေ့အပြစ်မဟုတ်ပေမယ့်
လူမိုက်နဲ့ လူတုံးတွေဘဲထွက်ခဲ့တယ်။
အဲဒီထဲမှာ သမီးလည်းမချွန်မြခဲ့ရဘူး။
အခုလည်း လူးလားကူးခတ်နေဆဲပါ။
မတောက်တခေါက်လမ်းတွေပေါ်ကနေ၊
ဒဏ်ရာတွေကို စာစီပြီး၊
ပညာတတ်ခေတ်ကြီးရဲ့
မီးစာရဲရဲ ဆီကျဲကျဲကြမ်းတမ်းမှုတွေကနေ၊
အမေ့မေတ္တာတံစက်မြိတ်လေးဆီ၊
တစ်နေ့တစ်ခေါက် မှန်မှန်ပြန်မရောက်နိုင်တော့တဲ့ ဘဝမှာ၊
အခုလိုဘဲ အိပ်မက်တွေနဲ့
သမီးပြန်ပြန်ရောက်တတ်ခဲ့ပါပြီ မေမေ…။
(စိမ်းခက်စိုး)
ဒီဇင်ဘာ ၁၉၊ ၂၀၀၉။
နံက် ၉း၃၀နာရီ